Tab Menu




အောင်ဖြိုးဦးဘလော့သို့ လာရောက်ကြသောသူငယ်ချင်းများအားလုံးကိုနွေးထွေးစွာကြိုဆိုပါသည်။

Friday 5 October 2012

ရွှေရင်အေးလုပ်ပုံအဆင့်ဆင့်





ပါဝင်ပစ္စည်းများ

မုန့်လက်ဆောင်းဖတ်၊ သာကူပြင်၊ ကျောက်ကျော၊
မျှော့ချောင်း၊ ကောက်ညှင်း၊ ပေါင်မုန့်၊ အုန်းနို့ရည်၊ သကြား၊ ဆားအနည်းတို့ပါနော်။

မြန်မာပြည်မှာ နေတဲ့သူတွေအဖို့ မုန့်လက်ဆောင်းဖတ်ကို အလွယ်တကူ
ဝယ်လို့ရပေမယ့် နိုင်ငံခြားမှာ ရောက်နေတဲ့သူတွေအတွက်က မုန့်လက်ဆောင်းဖတ်က
ဝယ်ဖို့ အခက်သားနော်။ အဲ့ဒီတော့ မုန့်လက်ဆောင်းဖတ်
ဘယ်လိုလုပ်လို့ရမလဲဆိုတာကို အရင် ပြောပြပါရစေနော်။


(၁) မုန့်လက်ဆောင်းဖတ်လုပ်နည်း

မုန့်လက်ဆောင်းဖတ်လုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ ဆန်၊
ကွမ်းစားထုံးအနည်းငယ်နဲ့ ဆွမ်းမွှေးရွက် (Pandan leave) တို့ပါနော်။
ဆန်ကို ရေနဲ့ သန့်စင်အောင်ဆေးပြီး အနည်းဆုံး ၂ နာရီလောက်ကြာအောင်
ရေစိမ်ထားပေးပါနော်။ ဆွမ်းမွှေးရွက်ကိုလည်း ရေနဲ့ သန့်စင်အောင်ဆေးပြီး
အရွက်တွေကို လှီးပြီး ဆန်နဲ့အတူရောပြီး မုန့်ကြိတ်ပေးပါ။ ရေပုံးထဲ
ကွမ်းစားထုံးထည့်ပြီး ထုံးရည်ကြည်ရအောင် ထားပေးပါ။ မုန့်နှစ်တွေ
ရလာပြီဆိုရင်တော့ မုန့်အိတ် သန့်သန့်နဲ့ မုန့်ရေစစ်ပေးပါနော်။
မုန့်ရေစစ်တဲ့အခါမှာ မုန့်အိတ်ထိပ်ပိုင်းကို ကြိုးနဲ့ချည်ပြီး တိုင်မှာ
ချိတ်ထားပြီး စစ်ရင် ရသလို မုန့်အိတ်ကို ဇလုံထဲထည့်၊ ပြီးတော့မှ
မုန့်အိတ်အပေါ်ကနေ လေးပင်တဲ့အုတ်ခဲ၊ ဒါမှမဟုတ် ကျောက်ပြင်၊
ငရုတ်ဆုံတို့နဲ့ ဖိထားပြီး မုန့်ရည်တွေ စစ်ထုတ်လို့လည်း ရပါတယ်နော်။
ရေစစ်ပြီး သား မုန့်သားတွေကိုမှ ထုံးရေကြည်နဲ့ နာနာနယ်ပေးပါနော်။
ပြီးရင်တော့ မီးဖိုပေါ် အိုးတစ်လုံးတင်၊ နယ်ထားတဲ့ မုန့်သားတွေကို
ထုံးရည်ကြည်နဲ့ ကျိုပေးပါ။ မုန့်ရည်တွေ ပွက်ပွက်ဆူလာပြီး
ပျစ်လာတဲ့အခါမှာတော့ အောက်မှာ ရေဇလားကြီးခံထား၊ ပြီးတော့မှ
မုန့်လက်ဆောင်းလုပ်တဲ့ ဇကာပေါ်ကို မုန့်ရည်တွေလောင်းချပြီး ဇကာကို
ခါချပေးပါ။ အဲ့ဒါဆို မုန့်လက်ဆောင်းဖတ်လေးတွေက ရေအေးထဲမှာ ရောက်သွားပြီး
အေးသွားပါလိမ့်မယ်နော်။ ဆွမ်းမွှေးရွက်ထည့်ထားတဲ့အတွက်
မုန့်လက်ဆောင်းဖတ်လေးတွေက စိမ်းဖန့်ဖန့်အရောင်လေးနဲ့
အနံ့လေးမွှေးမွှေးသင်းသင်းလေးဖြစ်နေတော့တာပေါ့။ အဲ့ဒါဆိုရင် မုန့်လက်ဆောင်း
ဖတ်လေးတွေ ရပါပြီနော်။ ရလာတဲ့မုန့်လက်ဆောင်းဖတ်လေးတွေကို
ရေခဲတုံးလေးတွေနဲ့ စိမ်ပေးထားရင်တော့ အကောင်းဆုံးပေါ့နော်။

(၂) သာကူပြင်လုပ်နည်း

သာကူပြင်လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့ သာကူ ၂၅ ကျပ်သား၊ သကြား ၁၀
ကျပ်သား၊ အုန်းနို့ရည် နို့ဆီဗူးတစ်ဗူး၊ ဆားအနည်းငယ်တို့ပါနော်။
ပထမဦးဆုံး သကြားကို ရေနဲ့ သကြားအရည်ပျော်အောင် ကျိုပေးပါ။
ပွက်ပွက်ဆူစရာမလိုပါဘူးနော်။ သကြားရည်ရလာပြီဆိုတော့မှ ရေစစ်နဲ့ စစ်ပြီး
သကြားရည် သန့်အောင် စစ်ယူပါနော်။ ပြီးတော့မှ အိုးတစ်လုံးထဲကို
သကြားရည်တွေထည့်ပြီး မီးဖိုပေါ်တင်၊ အုန်းနို့ရည်ထည့်၊ ဆားအနည်းငယ်နဲ့
သန့်စင်ပြီးသား သာကူစေ့တွေကို ထည့်ပြီး သာကူမျက်စိဖြူဖြူလေးတွေ
ပျောက်ခါနီးဖြစ်တဲ့အထိ ကျိုပေးပါ။ ပြီးတော့မှ သာကူပြင်ထည့်မယ့် ဗန်းထဲကို
သကြားရည်ခပ်ပျစ်ပျစ်လေးသုပ်လိမ်းလိုက်ပြီး သာကူကျိုတွေကို လောင်းထည့်
ပြီး အအေးခံလိုက်ပါနော်။ သာကူပြင်တွေ အေးသွားပြီဆိုရင်တော့ အတုံးလေးတွေ
လှီးထားလိုက်ပါနော်။ အဲ့ဒါဆိုရင် သာကူပြင်ရပါပြီနော်။

(၃) ကျောက်ကျောနဲ့ မျှော့ချောင်းလုပ်နည်း

လိုအပ်တာတွေကတော့ ကျောက်ကျောမှုန့်၊ အုန်းနို့၊ သကြား၊ ဆားအနည်းငယ်အပြင်
မျှော့ချောင်းလုပ်ဖို့ အတွက် ရောင်စုံအမှုန့်လေးများ လိုအပ်ပါတယ်နော်။
လူရိုင်းခေါင်းတံဆိပ်ကျောက်ကျောထမင်းစားဇွန်း သုံးဇွန်း ကို
အုန်းနို့တစ်လီတာကျော်ကျော်လောက်ရယ်၊ သကြား ၂၀ ကျပ်သားရယ်၊
ဆားအနည်းငယ်ရယ် ထည့်ပြီး ကျိုပါနော်။
မိနစ်နှစ်ဆယ်ကျော်ကျော်လောက်ကျိုပြီးရင် ကျောက်ကျောကို ဗန်းထဲ ဒါမှမဟုတ်
ကိုယ်လိုချင်တဲ့ ပုံစံ ခွက်လေးထဲထည့်လိုက်ရင်
အုန်းနို့ကျောက်ကျောရပါပြီနော်။
မျှော့ချောင်းအတွက်တော့ ကျောက်ကျော၊ သကြားနဲ့ ရေတို့ကို
အချိုးညီအောင်ထည့်ကျိုပြီး ကိုယ်လိုချင်တဲ့ အရောင်လေးတွေနဲ့ ကျိုပြီး
အအေးခံ၊ ပြီးတော့မှ ပါးပါးရှည်ရှည်လေးတွေဖြစ်အောင်လှီးလိုက်ရင်
မျှော့ချောင်း လေးတွေ ရပြီနော်။

(၄) ကောက်ညှင်း

ကောက်ညှင်းဆန်ကို ရေဆေးပြီး rice cooker နဲ့ပဲ အလွယ်တကူ ချက်လိုက်ပါတယ်။
ထမင်းချက်တာနဲ့စာရင် ကောက်ညှင်းထည့်ရင် ရေလျော့ထည့်ပြီးချက်ပါနော်။
ကောက်ညှင်းကျက်ရင်လည်း ပန်းကန်ထဲထည့်ပြီး အအေးခံထားလိုက်ပါနော်။

(၅) ပေါင်မုန့်၊ အုန်းနို့ရည် ပြင်ဆင်နည်း

ပေါင်မုန့်ကိုတော့ အပြင်ကပဲ အလွယ်တကူဝယ်လိုက်ပြီး လှီးလိုက်ပါတယ်နော်။
အုန်းနို့ရည်ကိုလည်း အရသာ ချိုချိုဆိမ့်ဆိမ့်လေးဖြစ်အောင် ပြင်ထားပေးပါ။
ရေခဲတုံးသေးသေးလေးတွေလည်း အသင့်ပြင်ပေးထားပါနော်။

စားလို့ရပြီလားဟင့့် ရပါပြီ့ အဲ့ဒါဆို မုန့်ပွဲပြင်ရအောင်နော့် 
့  ကိုယ့်စိတ်ကြိုက် ကိုယ်ကြိုက်သလိုသာ ထည့်ပြင်ပေတော့နော့့် 
တာသင်္ကြန်နှစ်ကူးမှာ စိတ်သစ်လူသစ်နဲ့ အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေနော်။

No comments:

Post a Comment

Comment လေးတွေရေးပေးနိုင်ပါသည်