Tab Menu




အောင်ဖြိုးဦးဘလော့သို့ လာရောက်ကြသောသူငယ်ချင်းများအားလုံးကိုနွေးထွေးစွာကြိုဆိုပါသည်။

Monday 8 October 2012

သင့်ဝမ်း (မစင်) က ပြောပြနိုင်သည့် သင့်ကျန်းမာရေး



တချို့လူတွေမှာ တစ်နေ့ ဝမ်းနှစ်ကြိမ်သွားတာ ပုံမှန်ဖြစ်နေပေမယ့် တချို့လူတွေမှာ တစ်ပတ် နှစ်ကြိမ်သာ ဝမ်းသွားတာလည်း ပုံမှန်ပါပဲ။  ဇီဝရုပ် ဖြစ်ပျက်နှုန်း နှေးသူတွေဟာ အူမကြီး လှုပ်ရှားမှုလည်း နှေးကွေးတာကြောင့် ဝမ်းသွားတဲ့ အကြိမ်ရေလည်း နည်းတတ်ပါတယ်။ သင်ရဲ့ ပုံမှန်ဝမ်းသွားတဲ့ အကျင့်ဟာ ဘာလဲဆိုတာ သင်သိထားဖို့ လိုအပ်ပြီး ပြောင်းလဲမှုတွေကို သတိထားရပါမယ်။
အသက်အရွယ်၊ အစားအသောက်၊ ဆေးဝါးအသုံးပြုမှု ဒါမှမဟုတ် ဘဝနေထိုင်မှု ပုံစံကြောင့် ဝမ်းသွားတဲ့ အကြိမ်အရေအတွက် ဒါမှမဟုတ် ဝမ်းပုံစံ ပြောင်းလဲတတ်ပါတယ်။ သင့်ခန္ဓာကိုယ်မှာ ဘာချို့ယွင်းချက်တွေ ရှိနေသလဲ ဆိုတာကို သိနိုင်ဖို့ သင်ဟာ ဝမ်းသွားပြီးရင် သင်ရဲ့ မစင်တွေကို ရေနဲ့ မဆေးကြောမီ အောက်ပါ အကြောင်းအရာတွေကို စစ်ဆေးသင့်ပါတယ်။



သင်ရဲ့ မစင်မှာ အစားအသောက် အပိုင်းအစတွေ ပါနေတတ်ပါသလား။

ပြောင်းဖူး ဒါမှမဟုတ် အစေ့အဆန်လိုမျိုး တချို့အစာတွေဟာ မစင်ထဲမှာ ဒီအတိုင်း ပါလာတတ်ပါတယ်။ သင်စားထားတဲ့ အစာတွေရဲ့ အစိတ်အပိုင်းတွေကို သင့်မစင်မှာ ပုံမှန်တွေ့နေရင် သင်ဟာ အစာကို ပိုမို ဝါးစားဖို့ လိုအပ်ပြီး အစာကို နှေးကွေးစွာ စားရပါမယ်။ အစာခြေ စနစ်ဟာ အစာဝါးရာမှ စတင်ပါတယ်။ အစာနဲ့အတူ သံပရာရည်သောက်တာ ဒါမှမဟုတ် ရှလကာရည် ပါဝင်တဲ့ အစာစားတာ ဒါမှမဟုတ် ကြက်ဟင်းခါးသီးလိုမျိုး ခါးတဲ့ အစာ စားတာတွေဟာလည်း အစာခြေမှုကို ပိုမို ကောင်းမွန်စေပါတယ်။

သင့်မစင်ဟာ အနံ့ နံလွန်းပါသလား။

လူတစ်ယောက်ရဲ့ အစာခြေစနစ်ဟာ ကျန်းမာနေမယ်ဆိုရင် အနံ့အသက်နည်းပြီး ဝမ်းသွားရာမှာလည်း အားစိုက်ထုတ်ရမှု နည်းပါတယ်။ သကြားဓာတ် ပါဝင်မှုနည်းပြီး အမျှင်ဓာတ် ပါဝင်မှုများတဲ့ အစာစားတာကြောင့် မစင်ဟာ အနံ့ဆိုး မထွက်တတ်ပါဘူး။ သကြားပါဝင်မှုနည်းတဲ့ သစ်သီးတွေ ဖြစ်တဲ့ ပန်းသီး၊ ပန်းသစ်တော်သီးနဲ့ ဘယ်ရီသီးတွေဟာလည်း ဝမ်း အနံ့အသက် လျော့စေပြီး အစာကြီးနဲ့ ဝေးကွာပြီးမှ စားသင့်ပါတယ်။ အနီရောင် အသား အစားများတာကြောင့် သင့်မစင်ဟာ အနံ့အသက် ပြင်းတတ်ပါတယ်။

သင့်မစင်မှာ ချွဲတွေ ပါဝင်နေပါသလား။

မစင်မှာ ချွဲတွေ ပါဝင်နေရင် မှိုပိုးဝင်ရောက်နေတဲ့ လက္ခဏာပါ။ အစာခြေ လမ်းကြောင်းအတွင်း လူ့အကျိုးပြု ဘက်တီးရီးယားတွေ များများရှိစေဖို့ အချိုစာတွေကို ရှောင်ပြီး ဒိန်ချဉ်၊ ချဉ်ဖတ်၊ ကင်မ်ချီနဲ့ မီဆိုလိုမျိုး လူ့အကျိုးပြု ဘက်တီးရီးယားတွေ ပါဝင်တဲ့ အစာတွေကို စားပါ။

သင့်မစင်အရောင် ဖျော့တော့နေပါသလား။

မစင်အရောင် ဖျော့တော့နေတာဟာ သင့်အသည်း၊ သည်းခြေအိတ်၊ သည်းခြေရည်မှာ ပြဿနာ ရှိနေတာကြောင့် ဒါမှမဟုတ် ဆေးဝါးတွေ အသုံးပြုရတာကြောင့်ပါ။ သည်းခြေရည်ဟာ အသည်းမှ ထုတ်လုပ်တဲ့ အစာခြေ အရည်ဖြစ်ပြီး သည်းခြေအိတ်မှာ သိုလှောင်ထားပါတယ်။ သည်းခြေရည်ဟာ အစာခြေလုပ်ငန်း လုပ်နေစဉ်မှာ အသည်းမှ အူအတွင်းသို့ စွန့်ထုတ်လိုက်တာကြောင့် မစင်ဟာ အညိုရောင် ဖြစ်နေတတ်ပါတယ်။ အရက် အလွန်အကျွံ သောက်တာတွေကို ဖြတ်လိုက်ပါ။ အဆီ ပါဝင်မှုများတဲ့ အစာနဲ့ ပြုပြင်ထားတဲ့ အစာတွေကို ရှောင်ပါ။

သင့်ဝမ်းအရောင် ရင့်နေသလား ဒါမှမဟုတ် သွေးစတွေ ပါဝင်နေသလား။

သင့်ဝမ်းမှာ သွေးစတွေ တွေ့နေရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ လိပ်ခေါင်း ရောဂါကြောင့် ဖြစ်နိုင်သလို အူမကြီးကင်ဆာ ဒါမှမဟုတ် အစာအိမ် အနာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မုန်လာဥနီ (Beet Root) လိုမျိုး အနီရောင် အစားအစာတွေကြောင့် မစင်အရောင် ပြောင်းလဲနိုင်သလို သံဓာတ်အားဖြည့် ဆေးမှီဝဲတာကြောင့်လည်း မစင်အရောင် ရင့်နိုင်ပါတယ်။

လောက်စာလုံးလိုမျိုး မာကျောတဲ့ မစင်သွားတတ်ပါသလား။

သင်ရဲ့ အူမကြီး လှုပ်ရှားမှုဟာ မြန်သင့်သလောက် မမြန်တာကြောင့် ဝမ်းကျစ်ပြီး စမြင်းတုံး သွားတတ်ပါတယ်။ ကောက်နှံ တစ်ခုလုံးပါတဲ့ အစာ စားရပါမယ်။ ရေများများ သောက်ပေးရပါမယ်။ မဂ္ဂနီဆီယမ်ဓာတ်ဟာ ဝမ်းလှုပ်ရှားမှု ကောင်းစေတာကြောင့် မဂ္ဂနီစီယမ် ပါဝင်မှုများတဲ့ အစာတွေဖြစ်တဲ့ ဖရုံစေ့၊ နှမ်းစေ့၊ ဟင်းနုနွယ်၊ ပဲပိစပ်၊ သီဟိုဠ်စေ့၊ ဗာဒံစေ့နဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ စားပေးပါ။ ဒါမှမဟုတ် မဂ္ဂနီဆီယမ် အားဖြည့်ဆေး မှီဝဲပါ။ တချို့ ဆေးဝါးတွေကြောင့်လည်း စမြင်းတုံး သွားတတ်တာကြောင့် အဲဒီပြဿနာဟာ အမြဲတမ်း ဖြစ်နေမယ်ဆိုရင် ဆရာဝန်နဲ့ပြပါ။

သင့်မစင်ဟာ အလွန်ပေါ့ပါး (Floaty) နေပါသလား။

သင်ဝမ်းသွားပြီး ဝမ်းစင်အောင် အိမ်သာကို အထပ်ထပ်အခါခါ ရေဆေးချနေရကာ အနံ့အသက် မကောင်းဘဲ မစင်အရောင်ကလည်း အဝါရောင်ဖြစ်နေရင် အဆီချေဖျက်ရာမှာ ပြဿနာ ဖြစ်နေလို့ပါ။အဆီပါဝင်မှုများတဲ့ အစာ စားအပြီးမှာ ပျို့အန်တာ ဖြစ်နေရင် အသည်း၊ သည်းခြေအိတ် ဒါမှမဟုတ် အစာခြေ စနစ်တွေမှာ ပြဿနာ ဖြစ်နေတာကြောင့်ပါ။

ခရီးသွားတာကြောင့် ဝမ်းသွားတဲ့ အကျင့်ထိခိုက်မှု ရှိပါသလား။

လူတိုင်းမှာ ဝမ်းသွားဖို့ သက်သောင့်သက်သာ ရှိတဲ့အချိန် ရှိပါတယ်။ ပတ်ဝန်းကျင်၊ အိမ်သာ အခြေအနေ၊ အစားအသောက်နဲ့ ရေသောက်တဲ့ပုံစံ၊ အချိန်ပြောင်းလဲမှုတွေ အားလုံးဟာ အူလှုပ်ရှားမှုကို ပြောင်းလဲစေတတ်ပါတယ်။

သင်ရဲ့ မစင်ဟာ သေးသေးမျှင်မျှင် ဖြစ်နေပါသလား။

သင့်မစင်ဟာ ရက်သတ္တပတ်ပေါင်း ကြာမြင့်စွာ သေးသေးမျှင်မျှင်လေး ဖြစ်နေခဲ့ရင် စအိုဝကင်ဆာ လက္ခဏာ ဖြစ်နိုင်တာမို့ အူမကြီးကို မှန်ပြောင်း (Colonoscopy) နဲ့ ကြည့်ရှုသင့်ပါတယ်။

သင့်မစင်ဟာ ရေမှာ မြုပ်လွယ်ပါသလား။

ပုံမှန်အားဖြင့် မစင်ဟာ ရေတွင် တစ်ဝက်မြုပ် တစ်ဝက်ပေါ် ဖြစ်သင့်ပါတယ်။ အကယ်၍များ ရေမှာ အမြန်မြုပ်သွားခဲ့ရင် မစင်တုံးဟာ အူမကြီးအတွင်း တာရှည်ရှိနေလို့ပါ။ အမျှင်များစွာ ပါဝင်တဲ့ အစာနဲ့ ကောက်နှံ တစ်ခုလုံး ပါဝင်စာတွေ စားပြီး ရေများများ သောက်ပေးရပါမယ်။

အမျိုးသားတွေက အမျိုးသမီးတွေလောက် ဝမ်းပြဿနာ မဖြစ်တာဟာ ဘာကြောင့်ပါလဲ။

အမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာနဲ့ စိတ်ဖိစီးမှု အခြေအနေတွေဟာ အမျိုးသားတွေထက် ပိုဖြစ်လွယ်တတ်ပြီး ဒါတွေဟာ အူမကြီးလှုပ်ရှားမှုနဲ့ ဆက်စပ်နေလို့ပါ။ အမျိုးသမီးတွေ အနေနဲ့ အများသုံး အိမ်သာအတွင်းမှ ထွက်ရှိလာတဲ့ အနံ့ဆိုးတွေနဲ့ ဆူညံသံတွေကို လျစ်လျူမရှုနိုင်တဲ့အတွက် ဝမ်းသွားချင်တာကို အောင့်ထားရင်းနဲ့ ဝမ်းချုပ်သွားတတ်ပါတယ်။

လေ့ကျင့်ခန်း ပြုလုပ်တာကြောင့် အူမကြီးလှုပ်ရှားမှု ကောင်းမွန်တာဟာ ဘာကြောင့်ပါလဲ။

လေ့ကျင့်ခန်း လုပ်တာကြောင့် ဇီဝရုပ်ဖြစ်ပျက်မှု ကောင်းမွန်ပြီး အူမကြီးအတွင်း အစာရွေ့လျားချိန် တိုတောင်းသွားပါတယ်။ ဒါ့အပြင် အူအတွင်း ကြွက်သားတွေရဲ့ သဘာဝ ကျုံ့နိုင်အားကို ကူညီမှု ပေးနိုင်တာကြောင့် ဝမ်းမစင်တုံးတွေဟာ အူအတွင်းမှ မြန်မြန် ရွေ့လျားသွားနိုင်လို့ပါ။

အစပ်စာ စားပြီးနောက်ပိုင်း ဝမ်းသွားရင် ဘာကြောင့် နာကျင်တတ်ပါသလဲ။

စအိုဝ အတွင်းမှာရှိတဲ့ ဆဲလ်တွေဟာ ပါးစပ်တွင်းမှာရှိတဲ့ ဆဲလ်အမျိုးအစားနဲ့ တူညီနေတတ်တာမို့ အစပ်စာ စားပြီး နောက်ပိုင်းမှာ ဝမ်းသွားရင် ပါးစပ်မှာ စပ်နေသလိုမျိုး စအိုမှာလည်း စပ်နေတတ်ပါတယ်။ အစပ်စာတွေဟာ အူလမ်းကြောင်းအတွင်း လှုံ့ဆော်စေနိုင်တာမို့ အစာခြေစနစ် အတွင်းမှာ ရွေ့လျားမှုလည်း မြန်စေနိုင်ပါတယ်။

သင်ဟာ ဝမ်းပျက်ဝမ်းလျှော ဖြစ်ဖူးပါသလား။

ပျို့အန်တာ မရှိဘဲ ဝမ်းပျက်တာ တစ်မျိုးတည်းဟာ အစာကို ခံနိုင်ရည် မရှိလို့ပါ။ အထူးသဖြင့် နို့ထွက်ပစ္စည်း ဂလူတန်နဲ့ သစ်သီးမှ သကြားဓာတ်တွေကိုပါ။ ဆေးသကြားတွေနဲ့ အရက်ကြောင့်လည်း ဝမ်းပျက်တတ်ပါတယ်။ အကယ်၍ ဝမ်းပျက်တာဟာ ပျို့အန်တာနဲ့ အတူတွဲပြီး ဖြစ်ခဲ့ရင် ဗိုင်းရပ်စ် ဒါမှမဟုတ် ဘက်တီးရီးယား ပိုးမွှားကြောင့်ပါ။ သင်ဟာ အချိန်ကြာမြင့်စွာ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေခဲ့ရင် အူမကြီး ပြဿနာကို အဖြေရှာနိုင်ဖို့ ဆရာဝန်နဲ့ ပြသရပါမယ်။

No comments:

Post a Comment

Comment လေးတွေရေးပေးနိုင်ပါသည်